ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ခရီးရှည်မြင်းစီးပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ၊ ၃၀ ရက်မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကနေသိရပါတယ်။ခရီးရှည်မြင်းစီးပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပုဂံမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေပြည်တော်မှာပဲ ကျင်းပခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို သိရှိနိုင်အောင် အခုလို ပုဂံမှာ ကျင်းပတာဖြစ်တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးဦးဌေးကျော်ကပြောပါတယ်။အခုကျင်းပမဲ့ ခရီးရှည်မြင်းစီးပြိုင်ပွဲဟာ(၁၀၀)ကီလိုမီတာရှည်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်မဲ့မြင်းနဲ့ အားကစားသမားတွေကို ပြိုင်ပွဲမဝင်မီတစ်ရက်အလို ဒီဇင်ဘာ(၂၉)ရက်နေ့မှာ ကျန်းမာရေးစစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးရှည်မြင်းစီးပြိုင်ပွဲတွေမှာ ပါဝင်တဲ့အားကစားသမားနဲ့ ပြိုင်ပွဲမြင်းတွေအနေနဲ့ သတ်မှတ်အရည်အချင်းပြည့်မီရင် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စေလွှတ်သွားမယ်လို့လည်း သိရပါတယ်။