ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အီတလီအသင်းဟာ ဇွန်လ(၂၄)ရက်နေ့က ကစားခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာ သရေကျခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ အီတလီပရိသတ်တွေက ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပါတယ်။
အီတလီအသင်းအတွက် နောက်ကျချေပဂိုးကို တောင်ပံကစားသမား ဇက်ဂါနီက ကာလာဖီအိုရီရဲ့ ပေးပို့မှုကတစ်ဆင့် သွင်းယူပေးခဲ့တာပါ။

အီတလီအသင်းဟာ အုပ်စုပွဲစဉ်(၂)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၃)မှတ်သာ ရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင် ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာ အနိမ့်ဆုံးသရေ(၁)မှတ်ရဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။
မိနစ်(၉၀)ရောက်တဲ့အထိ ရှုံးနိမ့်နေခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်မဲ့နေခဲ့ပေမယ့် လူစားဝင်ကစားသမား ဇက်ဂါနီရဲ့ဂိုးကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ အီတလီပရိသတ်တွေက ပွဲအပြီးမှာ ပြောခဲ့ကြပါတယ်။ (၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အီတလီအသင်းဟာ ဇွန်လ(၂၉)ရက်နေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။