စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ပြိုင်ဘက် အေစီမီလန်အသင်းကနေ ပြင်သစ်နောက်ခံလူ ကာလူလူကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကာလူလူဟာ တစ်ရာသီအငှားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ကိုလည်း နှစ်ဖက်အသင်းကြား သဘောတူညီမှု ရခဲ့တာပါ။
ကာလူလူကို ဩဂုတ် လ ၂၁ ရက်မှာ ဂျူဗင်တပ်အသင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ် အသင်းအနေနဲ့ ကာလူလူကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့အတွက် ယူရို ၃ ဒသမ ၃ သန်းကုန်ကျမှာဖြစ်ပြီး ရာသီ အကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၁၄ သန်းနဲ့ အပိုဆုကြေး ယူရို ၃ သန်း စုစုပေါင်း ယူရို ၁၇ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

ဗဟိုနောက်ခံလူအပြင် ညာနောက်ခံလူနေရာမှာပါ ကစားနိုင်တဲ့ ကာလူလူဟာ ပြီးခဲ့တဲ့ဇွန်လကမှ အသက် ၂၄ နှစ်ပြည့်ခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
လိုင်ယွန်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကာလူလူဟာ ၂၀၂၀ နွေရာသီမှာ အေစီမီလန်ကို ရောက်လာခဲ့ပြီး အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁၂ ပွဲ ကစားပေးထားခဲ့တာပါ။
နောက်ခံလူ ကာလူလူဟာ ကစားသမားဘဝမှာ အဝါကတ် ၁၂ ကတ် ပြသခံထားရပေမယ့် တစ်ခါမှတော့ အထုတ်ခံရမျိုး မရှိဘူးလို့ သိရပါတယ်။