နီပေါအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို နီပေါနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ နီပေါဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင်နီပေါ၊ မြန်မာ၊ ကာဂျစ္စတန်နဲ့ လက်ဘနွန် အသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲကတော့ လာမယ့် ဖေဖော်ဝါရီ (၁၇)ရက်ကနေ (၂၆)ရက်အထိ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင် အသင်း(၄)သင်းရဲ့ ကျင်းပမယ့် ပုံစံကိုတော့ ထုတ်ပြန်တာ မရှိပေမယ့် ပတ်လည်စနစ်နဲ့ ကစားနိုင်ဖွယ် ရှိတယ်လို့လည်း ဘောလုံးပရိသတ်တွေက သုံးသပ်ထားကြပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ အခုနှစ်အတွင်း ယှဉ်ပြိုင်မယ့် နိုင်ငံတကာပြိုင်ပွဲတွေအတွက် ဒီဇင်ဘာလလယ်ပိုင်ကစပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အမေရိကန်ကောလိပ် ဘောလုံးအသင်းမှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်လူ ကလည်း မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အခုနှစ်အတွင်း အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှ ဖ လား အမျိုးသမီး ခြေစစ်ပွဲနဲ့ (၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲတွေကိုလည်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသင်း နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက ကိုင်တွယ်နေပြီး ပဏာမ ကစားသမားတွေအဖြစ် ကစား သမား (၃၂)ယောက်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။