အိုင်ယာလန်အသင်းကို အနိုင်ရခဲ့တာကြောင့် ယုံကြည်မှု မြင့်တက်လာခဲ့တယ်လို့ အင်္ဂလန်ယာယီနည်းပြ ကာစလေက ပြောလိုက်ပါတယ်။
ယာယီနည်းပြ ကာစလေလက်ထက် ပထမဆုံးပွဲမှာ အင်္ဂလန်အသင်းက အိုင်ယာလန်အသင်းကို ၂ ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဖိအားတွေလည်း လျော့သွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ အောင်မြင်မှုရခဲ့ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ ဆောက်ဂိတ်ရဲ့နေရာမှာ ကာစလေက အစားဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကာစလေဟာ ယူ-၂၁ အသင်းမှာ သူနဲ့အတူ အောင်မြင်မှုတွေရခဲ့တဲ့ ကစားသမားတွေကို အင်္ဂလန်အသင်းမှာ ရွေးချယ်ထားခဲ့တာ ဖြစ်ပြီး အိုင်ယာလန်အသင်းနဲ့ပွဲမှာ လူသစ်တွေရဲ့ စွမ်းဆောင်ရည်က အားရစရာ ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကို အဆင်ပြေအောင် ဦးဆောင်နိုင်ပါ့မလားလို့ တွေးမိခဲ့တဲ့အချိန်တွေရှိပေမယ့် အခုလိုမျိုးနိုင်ပွဲ ရယူခဲ့ပြီးနောက်မှာ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးရလာခဲ့တယ်လို့ နည်းပြ ကာစလေက ပြောသွားခဲ့ပါတယ်။
နည်းပြ ကာစလေအနေနဲ့ အင်္ဂလန်အသင်းရဲ့ အမြဲတမ်းနည်းပြသစ်ဖြစ်လာနိုင် တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။