ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဩစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ကွာတား ဖိုင်နယ်မှာ ဆွီယာတက်ခ် နိုင်ပွဲရပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲအဖြစ် ဆွီယာတက်ခ်ဟာ ဆီဒင်အဆင့်-၈ မှာ ရပ်တည်နေတဲ့ အမေရိကန်တင်းနစ်မယ် နာဗားရိုးနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အဆင့်တွေမှာ အွန်ဂျာဘားနဲ့ ကာဆက်ကီနာတို့လို နာမည်ကြီးတင်းနစ်မယ်တွေကို အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ နာဗားရိုးဟာ အခုပွဲမှာတော့ ဆွီယာတက်ခ်ရဲ့ လက်စွမ်းကို မယှဉ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ပွဲကစားချိန် ၁ နာရီခွဲသာ ကြာမြင့်ခဲ့ပြီးနောက် ဆွီယာတက်ခ်က (၆း၁၊၆း၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။

ဆွီယာတက်ခ်ဟာ အခုနှစ်ပြိုင်ပွဲ ပထမအဆင့်မှာ ပြိုင်ဘက် ကို အသည်းအသန်ကစားခဲ့ပြီး အနိုင်ရခဲ့ပေမယ့် ဒုတိယအဆင့်ကနေစပြီး နောက်ပိုင်းအဆင့်တွေမှာ ပြိုင်ဘက် တွေကို ၂ ပွဲပြတ်တွေနဲ့ချည်း အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဆွီယာတက်ခ်ဟာ ဆီဒင်အဆင့်-၁၉ ရထားတဲ့အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။