၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ နာဒယ်နဲ့ အယ်ကာရက်ဇ်တို့ စပိန်အတွဲဟာ ကွာတားဖိုင်နယ်အဆင့်ကနေပဲ ထွက်ခဲ့ရတဲ့အတွက် စပိန်အသင်းရဲ့ တင်းနစ်ဆုတံဆိပ် မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။
ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ နာဒယ်ဟာ သူအောင်မြင်မှုတွေ များစွာရယူနိုင်ခဲ့တဲ့ မြေစေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်ဦးချင်းပွဲရော ၂ ယောက်တွဲ ပွဲစဉ်မှာပါ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အိုလံပစ် တင်းနစ် အမျိုးသားနှစ်ယောက်တွဲ ကွာတားဖိုင်နယ်မှာ နာဒယ်တို့ စပိန်အတွဲနဲ့ ကရာဂျီဆက်ခ်တို့ အမေရိကန်အတွဲ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့ပေမယ့် နာဒယ်တို့အတွဲဟာ ပုံမှန်လက်စွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲအပြီးမှာ ကရာဂျီဆက်ခ်တို့ အမေရိကန်အတွဲက (၆း၂၊၆း၄)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ သူ့ရဲ့ နောက်ဆုံးအိုလံပစ်ပြိုင်ပွဲမှာ တတိယမြောက် အိုလံပစ်ရွှေတံဆိပ်ဆုကိုရဖို့ မျှော်လင့်ချက်ကလည်း အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။