နည်းပြ ဂယ်ရီအိုနေးလ်ကို တနင်္ဂနွေနေ့က ထုတ်ပယ်လိုက်တဲ့ ဝုဗ်အသင်းဟာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆော်ဒီ ကလပ် အယ်ရှာဘတ်အသင်းနည်ပြ ဗစ်တာပါရဲယားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပေါ်တို အသင်းနဲ့ အိုလံပီယာကို့စ်အသင်းနည်းပြဟောင်း ပါရဲယားကို ခေါ်ယူနိုင်ဖို့အတွက် ဝုဗ်အသင်းဟာ အယ်ရှာဘတ် အသင်းကို စာချုပ်ဖျက်ကြေး ပေါင် ၈ သိန်းဝန်းကျင်ပေးဖို့ ဆွေးနွေးမှုကလည်း သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း မိုရက်စ်နဲ့လည်း သတင်းတွေထွက်နေပေမယ့် ဝုဗ်အသင်းကတော့ ပါရဲယားကိုသာ နည်းပြသစ်ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထား လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

အခုနှစ် ဖေဖော်ဝါရီကမှ အယ်ရှာဘတ်အသင်းကို တာဝန်ယူခဲ့တဲ့ ပါရဲယားဟာ ဆော်ဒီပရိုလိဂ်ရာသီကုန်မှာ အသင်းကို အဆင့်-၈ နေရာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။ အခုရာသီ ၁၃ ပွဲကစားပြီးချိန်မှာ အယ်ရှာဘတ်အသင်းက ၇ ပွဲအနိုင်ရထားပြီး အဆင့်-၆ နေရာမှာ ရပ်တည်နေတာဖြစ်လို့ ပါရဲယားရဲ့ စွမ်းဆောင် ရည်ကို ဝုဗ်အသင်း သဘောကျနေတာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၆ နှစ်အရွယ် ပါရဲယားဟာ ပေါ်တို အသင်းနဲ့အတူ ပေါ်တူဂီအမှတ်ပေးချန်ပီယံဆု ၂ ကြိမ်ရခဲ့သလို အိုလံပီယာကို့စ်အသင်းနဲ့လည်း ဂရိ စူပါလိဂ် ချန်ပီယံဆုကို ၁ ကြိမ်ရရှိခဲ့ပါတယ်။ ဝုဗ်အသင်းကတော့ အခုရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့်-၁၉ နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။