ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်ဟာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နည်းပြသစ် အင်ဒီမာရေးနဲ့အတူ လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ၂၀၂၅ မှာ ကစားသမားဘဝ ၂၅ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ရည်မှန်းနေတာဖြစ်ပြီး အနီးစပ်ဆုံးအဖြစ် ဇန်နဝါရီ ၁၂ ရက် နေ့မှာ စတင်မယ့် ဩစတြေးလျအိုးပင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ ကစား သမားဘဝ ဂရင်းစလမ်ချန်ပီယံဆု ၂၄ ကြိမ်ရယူထားရာမှာ ဩစတြေးလျအိုးပင်း ချန်ပီယံဆုက ၁၁ ကြိမ်အထိ ပါဝင်ခဲ့တာပါ။ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အင်ဒီမာရေးကို ဂျိုကိုဗစ်က နည်းပြသစ်အဖြစ် ခန့်အပ်မှုဟာ အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားတစ်ဦးကို နည်းပြခန့်အပ်မှုက သူ့အတွက် ထူးခြားတဲ့အကျိုးတွေ ဖြစ်စေလိမ့်မယ်လို့ ဂျိုကိုဗစ်က ယုံကြည်နေပါတယ်။
ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ဂရင်းစလမ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရ ဖြစ်ခဲ့ပြီးနောက် ကာလရှည်လက်တွဲလာခဲ့တဲ့ ဝါရင့်နည်းပြ အိုင်ဗီနီစီဗစ်နဲ့ လက်တွဲမှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ မဲလ်ဘုန်းပါ့ခ်မှာ ဂျိုကိုဗစ်နဲ့ မာရေးတို့ အတူလေ့ကျင့်နေတဲ့ ပုံရိပ်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ပရိသတ်စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ပြီး ဩစတြေးလျအိုးပင်း ချန်ပီယံဖြစ်မယ့် ကစားသမားတွေထဲမှာ ဂျိုကိုဗစ်ကို ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။