ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် စိတ်လှုပ်ရှားပျော်ရွှင်မိတယ်လို့ ဂျာမနီတိုက်စစ်မှူး ဘိုင်ယာက ပြောကြားလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဘိုင်ယာကို ဟော့ဖန်ဟိမ်းအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၈ သန်းခွဲနဲ့ခေါ်ယူလိုက်တာဖြစ်ပြီး ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ တိုက်စစ်မှူး ဖူခရက်ချ်ကို ရောင်းချခဲ့ပြီးနောက် အနာဂတ်မှာ တိုးတက်လာမယ့် အရည်အသွေး တွေရှိနေတဲ့ ဘိုင်ယာကို ခေါ်ယူလိုက်တာပါ။
ဘိုင်ယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဟော့ဖန်ဟိမ်းအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ၃၃ ပွဲမှာ ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၂၄ ဖေဖော်ဝါရီနဲ့ မတ်လ တွေအတွက် ဘွန်ဒက်စ်လီဂါရဲ့ တစ်လတာအကောင်းဆုံး မျက်နှာသစ်ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
၂၀၂၄ မတ်လမှာ ဂျာမနီလက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ ဘိုင်ယာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခွင့်က ကစားသမားဘဝ နောက်တစ်လှမ်း လှမ်းနိုင်ခဲ့တာဖြစ်သလို ဥရောပရဲ့ အကောင်းဆုံးအသင်းတစ်သင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် လည်း ဂုဏ်ယူတယ်လို့ ဘိုင်ယာက ပြောသွားခဲ့ပါတယ်။