ဒုက္ခသည် မသန်စွမ်းအိုလံပစ်အသင်းအတွက် ပထမဆုံး အိုလံပစ်ဆုတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံသူ ခူဒါဒါဒီက သူမရဲ့ဆုတံဆိပ်ဟာ မသန်းစွမ်းဒုက္ခသည်တွေအတွက် အားတက်စရာ ဖြစ်စေလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။
တိုကျိုအိုလံပစ်မှာ ပထမဆုံးအကြိမ် ဝင်ပြိုင်ခဲ့ဖူးတဲ့ ခူဒါဒါဒီဟာ အမျိုးသမီး တိုက်ကွမ်ဒို ၄၄-၄၇ ကီလိုတန်း တတိယနေရာလုပွဲမှာ ကျူးဘားနိုင်ငံသူ ရီဗီရိုကို အနိုင်ရခဲ့ပြီးနောက် ကြေးတံဆိပ် ဆုကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုဆုတံဆိပ်ဟာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဒုက္ခသည် အသင်းရရှိတဲ့ ပထမဆုံး ဆုတံဆိပ်လည်း ဖြစ်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ခူဒါဒါဒီဟာ ကြေးတံဆိပ်ရရှိ ပြီးနောက်မှာ နည်းပြဖြစ်သူနဲ့ အတူ အောင်ပွဲခံခဲ့သလို ပွဲအပြီး အင်တာဗျူးမှာလည်း သူမရယူပေးနိုင်တဲ့ အခု ဆုတံဆိပ်က မသန်စွမ်းအားကစားသမားတွေကို ပိုမိုကြိုးစားဖို့အတွက် တွန်းအားဖြစ်စေလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။
အခုပဲရစ်အိုလံပစ်မှာ ကြေးတံဆိပ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ခူဒါဒါဒီဟာ နောက် ၄ နှစ် အကြာမှာ ကျင်းပမယ့် လော့စ်အန်ဂျလိစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မျှော်လင့်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။