ဘရာဇီးကလပ် ကိုရင်သီယမ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူး ဒီပေးကို စက်တင်ဘာလ(၁၂)ရက်နေ့မှာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ဒီပေးဟာ ကိုရင်သီယမ် အသင်းနဲ့ စာချုပ် ချုပ်ဖို့အတွက် ဘရာဇီးနိုင်ငံကို စက်တင်ဘာလ(၁၁)ရက်နေ့က ရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့ပရိသတ်တွေကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာပါ။
အခုအချိန်မှာတော့ ကိုရင်သီယမ် အသင်းဟာ ကစားသမားသစ်ဖြစ်လာခဲ့တဲ့ ဒီပေးကို အသင်းရဲ့ပရိသတ်တွေနဲ့အတူ တရားဝင် မိတ်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။
ကိုရင်သီယမ်အသင်းဟာ အသက်(၃၀)အရွယ်ရှိနေပြီဖြစ်တဲ့ နယ်သာလန် တိုက်စစ်မှူး ဒီပေးကို (၂၀၂၆) ခုနှစ်ထိ သက်တမ်းရှိတဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
ဒီပေးဟာ နယ်သာလန် လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲစုံ(၉၈)ပွဲကစားပေးခဲ့ပြီး (၄၆)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲအတွက် လူစာရင်းမှာတော့ ပါဝင်နိုင်ခြင်းမရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဘရာဇီးကလပ် ကိုရင်သီယမ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ အခွင့် အရေးနည်းသွားခဲ့ပြီလို့ ပရိသတ်တွေက သုံးသပ်နေကြပေမယ့် နယ်သာလန်နည်းပြ ကိုးမန်းက အခု အပြောင်း အရွှေ့က ဒီပေးရဲ့လက်ရွေးစင် ဖြစ်ခွင့်အပေါ် ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။