အယ်ပိုင်း ဖော်မြူလာဝမ်းအသင်းဟာ လာမယ့် ဂရင်းပရီပွဲစဉ် ၅ ပွဲအတွက် ဩစတြေးလျဒရိုင်ဗာ ဂျက်ဒိုဟန်းရဲ့ နေရာမှာ အာဂျင်တီးနားဒရိုင်ဗာ ကိုလာပင်တိုကို အစားထိုးသွားမှာဖြစ်တယ်လို့ မေလ ၇ ရက်က အတည်ပြု ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဒိုဟန်းဟာ ဖော်မြူလာဝမ်းပြိုင်ပွဲကို အခုရာသီမှ ပထမဆုံး စတင်ယှဉ်ပြိုင် ခဲ့တာဖြစ်ပေမယ့် ရာသီအဖွင့်ပွဲစဉ် ၆ ခုမှာ ပုံစံကောင်း မပြသနိုင်ခဲ့သလို ရမှတ်လည်း တစ်မှတ်မှမရဘဲ ချန်ပီယံဆု အတွက် ရပ်တည်မှုမှာ အဆင့် ၁၉ နေရာကို ရောက်နေတာဖြစ်ပါတယ်။

အယ်ပိုင်းအသင်း ကြေညာချက်မှာတော့ အခုရာသီ ပြိုင်ပွဲဝင်ဒရိုင်ဗာတွေကို အလှည့်ကျစနစ်နဲ့ သုံးသွားမှာဖြစ်ပြီး လာမယ့် ပွဲစဉ် ၅ ပွဲကိုတော့ ကိုလာပင်တို က အသင်းဒရိုင်ဗာအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုလာပင်တိုကတော့ ၂၀၂၄ ဖော်မြူလာ ဝမ်း ပြိုင်ပွဲမှာ ဝီလျံအသင်းနဲ့အတူ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၄ ရာသီအကုန်မှာတော့ အယ်ပိုင်းအသင်း က ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အလှည့်ကျစနစ်အရ ကိုလာပင်တိုက လာမယ့် ဂရင်းပရီ ပွဲစဉ် ၅ ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပြင်သစ်ဒရိုင်ဗာ ဂတ်စလေက အယ်ပိုင်းအသင်းဒရိုင်ဗာအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရမှာဖြစ်တယ်လို့ သိရပါတယ်။