အယ်ပိုင်း ဖော်မြူလာဝမ်းအသင်းဟာ အခုရာသီမှာ ပုံစံကောင်း မပြနိုင်ခဲ့တဲ့ ဒရိုင်ဗာ ဂျက်ဒိုဟန်းရဲ့နေရာကို ကိုလာပင်တိုနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဩစတြေးလျဒရိုင်ဗာ ဒိုဟန်း ဟာ အခုနှစ် ဖော်မြူလာဝမ်းရာသီမှာ အယ်ပိုင်းအသင်းဒရိုင်ဗာအဖြစ် စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုနှစ် ဂရင်းပရီ ပွဲစဉ် ၆ ခု ယှဉ်ပြိုင်အပြီးအထိ ရမှတ်တစ်မှတ်မှ မရသေးဘဲ ချန်ပီယံဆု အမှတ်ပေးဇယား အဆင့် ၁၉ နေရာကို ရောက်နေတာဖြစ်ပါတယ်။

ဂရင်းပရီ ပွဲစဉ် ၆ ခုမှာ အမြင့်ဆုံးရပ်တည်နိုင်မှုအဖြစ် အဆင့် ၁၄ မှာသာ ရပ်တည်နိုင်ခဲ့သလို ပွဲစဉ် ၂ ခုမှာလည်း ပြိုင်ပွဲပြီးဆုံးအောင် မယှဉ်ပြိုင်နိုင်ခဲ့ဘဲ ထွက်ခဲ့ရတဲ့ ဒိုဟန်းရဲ့ စွမ်းဆောင် မှုကို အယ်ပိုင်းအသင်း တာဝန်ရှိသူတွေ စိတ်ပျက်နေတာ ဖြစ်ပါတယ်။ အယ်ပိုင်းအသင်းဟာ အာဂျင်တီးနား ဒရိုင်ဗာ ကိုလာပင်တိုကို အခုနှစ်အစောပိုင်းမှာ ဝီလျံအသင်းဆီကနေ ခေါ်ယူထားတာဖြစ်ပြီး အရန်ဒရိုင်ဗာ စာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ကိုလာပင်တိုကိုသာ နေရာပေးနိုင်ခဲ့မယ်ဆိုရင် အသင်းဆီကို လက်တင် အမေရိကဘက်က စပွန်ဆာတွေ ပိုရလာနိုင်တယ်လို့ အယ်ပိုင်းအသင်း ယူဆနေတာလည်း ဖြစ်ပါတယ်။ ကိုလာပင်တိုဟာ ၂၀၂၄ ဖော်မြူလာဝမ်းရာသီမှာ ဝီလျံအသင်းအတွက် ဂရင်းပရီပွဲစဉ် ၉ ခု ယှဉ်ပြိုင်ပေးထား ခဲ့တာဖြစ်ပါတယ်။