စက်တင်ဘာ(၉)ရက်နေ့က ကစားခဲ့တဲ့ ဩစတြီးယားအသင်းနဲ့ နေးရှင်းလိဂ်အုပ်စုပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ နော်ဝေကွင်းလယ်လူ အိုဒီဂတ်ဟာ အနည်းဆုံး(၃)ပတ်ခန့် အနားယူသွားရဖွယ် ရှိတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အိုဒီဂတ်ဟာ ဩစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်း ဝတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဆက်မကစားနိုင်တော့တာကြောင့် ပွဲချိန်(၆၇)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
နော်ဝေကလာတဲ့သတင်းတွေရဲ့အဆိုအရ အိုဒီဂတ်ရဲ့ခြေကျင်းဝတ်ဒဏ်ရာက အနည်းဆုံး(၃)ပတ်ခန့် အနားယူဖို့ လိုအပ်သလို အခြေအနေဆိုးရင် ဒီထက်ပိုပြီးလည်း အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြလာခဲ့ကြပါတယ်။
ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ စပါးအသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အိုဒီဂတ်အနေနဲ့ ဒဏ်ရာကြောင့် (၃)ပတ်ခန့်အနားယူရ မယ်ဆိုရင် အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြင် စပါး၊ မန်စီးတီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကိုပါ လွဲချော်သွားရဖွယ် ရှိနေပါတယ်။