အတ္တလန္တာအသင်းကို (၃)ဂိုး၊ (၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် အသင်းရဲ့အဓိက တိုက်စစ်မှူး အမ်ဘာပေဟာ ၁၀ ရက်ခန့် အနားယူရတော့မှာဖြစ် တယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ အတ္တလန္တာအသင်းနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲကစားချိန် (၃၅)မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။ အမ်ဘာပေရဲ့ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးကုသမှုတွေကို ခံယူနေရတယ်လို့ ရီးရဲလ်အသင်းက တရားဝင် အသိပေးခဲ့ပါတယ်။

သတင်းတွေရဲ့အဆိုအရ အမ်ဘာပေဟာ ဒဏ်ရာကြောင့် ၁၀ ရက်ခန့်အနားယူရမှာဖြစ်ပြီး အခုတစ်ပတ်မှာ ကစားမယ့် ဗယ်လီကာနို အသင်းနဲ့ လာလီဂါပွဲစဉ်အပြင် ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ ကစားမယ့် အင်တာကွန်တီနန်ရှယ် ဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်သွားဖွယ် ရှိနေပါတယ်။ အမ်ဘာပေဟာ အခုရာသီမှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၂)ပွဲ ကစားထားရာမှာ (၁၂)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။