စပါးအသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ရိုမဲယိုးဟာ ချဲလ်ဆီးအသင်းနဲ့ပွဲမှာရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရတော့မှာဖြစ်လို့ စပါးအသင်းအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနား နောက်ခံလူ ရိုမဲယိုးဟာ ခြေချောင်းဒဏ်ရာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် လွဲချော်ခဲ့ပြီးနောက် ချဲလ်ဆီး အသင်းနဲ့ပွဲမှာမှ ပွဲထွက်စာရင်းမှာ ပြန်ပါလာခဲ့တာပါ။ ဒါပေမဲ့ ပွဲကစားချိန် ၁၅ မိနစ်အကြာမှာပဲ ဒဏ်ရာရခဲ့လို့ နောက်ခံလူ ဒရာဂူဆင်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

ရိုမဲယိုးရဲ့ ဒဏ်ရာနဲ့ပတ်သက်လို့ စပါးအသင်းဘက်က တရားဝင် မကြေညာသေးပေမဲ့ သတင်းတွေအရတော့ ကြွက်သားဒဏ်ရာရခဲ့တာဖြစ်ပြီး ၆ ပတ်လောက်အထိ အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရိုမဲယိုးရဲ့ ဒဏ်ရာသတင်းကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စပါး နည်းပြ အန်ဂျီအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ထားသလို ၁၅ ပွဲကစားပြီးချိန် ရမှတ် ၂၀ နဲ့ အဆင့် ၁၁ နေရာကို ရောက်နေတာကြောင့် နည်းပြ အန်ဂျီနဲ့ ကစားသမားတွေအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေက မြင့်တက်နေတာ ဖြစ်ပါတယ်။