ကိုလံဘီယာအသင်းနဲ့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်မှာရခဲ့တဲ့ ဒဏ်ရာကြောင့် မက်ဆီအနားယူရတော့မယ်လို့ အင်တာမိုင်ယာမီနည်းပြ မာတီနိုကပြောပါတယ်။
မက်ဆီဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပွဲချိန်(၆၆)မိနစ်မှာတင် လူစားလဲခံခဲ့ရတာပါ။
မက်ဆီရဲ့ဒဏ်ရာက ကာလရှည်ကြာ အနားယူရမယ့် ဒဏ်ရာမျိုးမဟုတ်ပေမယ့် ဆေးစစ်မှုလုပ်ဖို့လိုအပ်တယ်လို့ နည်းပြမာတီနိုက ပြောကြားခဲ့ပါတယ်။
ဒါကြောင့်မလို့ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်(၂)ပွဲကို အနည်းဆုံး လွဲချော်သွားဖွယ်ရှိတယ်လို့လည်း နည်းပြမာတီနို က ဆက်လက်ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲရှိနေတာကြောင့် အသင်းရဲ့ပွဲစဉ်တွေမှာ မက်ဆီ မပါဘဲ ကစားခဲ့ရသလို အခုအချိန်မှာလည်း ဒဏ်ရာရခဲ့တာကြောင့် အသင်းအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်(၂၃)ပွဲကစားပြီးချိန်မှာ (၁၄)ပွဲနိုင်၊ (၅)ပွဲ သရေ၊ (၄)ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။