လာမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ထည့်သွင်း ကျင်းပမှာ ဖြစ် တယ်လို့ ထိုင်းအိုလံပစ် ကော်မတီကနေ သိရပါတယ်။(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်ကနေ(၂၀)ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချောင်ဘူရီ နဲ့ ဆောင်ခလာ မြို့ သုံးမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အားကစားနည်း (၅၀) နဲ့ ကျင်းပသွားမှာ ဖြစ်ပါ တယ်။

အားကစားနည်းတွေထဲမှာတော့ ခြင်းလုံးအားကစားနည်းကို ပိုက်ကျော်ခြင်းအားကစားနည်းအောက်မှာ ထည့်သွင်း ထားတာ ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၂ မျိုး ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ ခြင်းလုံးအားကစားနည်းရဲ့ ပြိုင်ပွဲအမျိုးအစား ၂ မျိုးစလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ဆုတံဆိပ်တွေ ရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။
ခြင်းလုံးအားကစားနည်းကိုတော့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ပြီး အဲဒီနောက်ပိုင်း ပြုလုပ်တဲ့ ၂၀၁၅ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၂၃ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပတာ မရှိခဲ့ပါဘူး။

မြန်မာခြင်းလုံးအဖွဲ့ဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပတဲ့ အချိန်တိုင်း ရွှေတံ ဆိပ်ဆုတွေ ရယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မြန်မာဆီးဂိမ်းမှာ ရွှေ ၆ ခု၊ ၂၀၁၅ ခုနှစ် စင်ကာပူ ဆီးဂိမ်း နဲ့ ၂၀၁၇ ခုနှစ် မ လေးရှား ဆီးဂိမ်းမှာ ရွှေ ၂ ခုစီ နဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းမှာ ရွှေ ၄ ခု ဆွတ်ခူး ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့တွေဟာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခု ရရှိခဲ့တာ ဖြစ်ပါတယ်။