စပိန်လာလီဂါကလပ် ဆီဗီလာအသင်းဟာ အခုနွေရာသီ ကစားသမားသစ် ပထမဆုံးခေါ်ယူမှုအဖြစ် နိုင်ဂျီးရီးယား တောင်ပံတိုက်စစ်မှူး အီဂျူကီကို ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အီဂျူကီဟာ ရုရှားကလပ် CSKA မော်စကိုအသင်းနဲ့ စာချုပ်သက်တမ်းပြည့်ပြီးနောက် ဆီဗီလာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး စပိန်ကလပ်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကတည်းက ဥရောပ ဘောလုံးလောကကို ရောက်ရှိနေခဲ့တဲ့ အီဂျူကီဟာ နော်ဝေကလပ် ဗယ်လာရန်ဂါ၊ နယ်သာလန်ကလပ် ဟီရန်ဗင်းတို့မှာ ကစားခဲ့ပြီး ၂၀၂၀ မှာ CSKA မော်စကိုအသင်းကို ရောက်ရှိလာခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီကတော့ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီးနောက် ရုရှားကလပ်အသင်းနဲ့ စာချုပ်ပြည့်ချိန်မှာ ဆီဗီလာကို ရောက်လာခဲ့တာပါ။
ဘယ်တောင်ပံတိုက်စစ်မှာ ပုံမှန်ကစားလေ့ရှိတဲ့ အီဂျူကီက ဆီဗီလာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့နဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေရဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။
၂၀၂၁ အာဖရိကဖလားပြိုင်ပွဲဝင် နိုင်ဂျီးရီးယားအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ အီဂျူကီဟာ လက်ရွေးစင်အသင်းအတွက် ၈ ပွဲ ကစားပေးထားတယ်လို့ သိရပါတယ်။