ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား မူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး ဆေးစစ်ခဲ့ရာမှာ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကပေးတဲ့ မူဒရစ်ရဲ့ဆီးနမူနာမှာ တားမြစ်ဆေး သုံးစွဲခဲ့တယ်လို့ အဖြေထွက်ပေါ်လာခဲ့တာပါ။

မူဒရစ်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ကလည်း ချယ်လ်ဆီးအသင်းကို ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ ကလပ်အသင်းဘက်က တရားဝင် အတည်ပြုထားပါတယ်။ သူ့အနေနဲ့ တားမြစ်ဆေးတွေကို သုံးစွဲထားတာမျိုးမရှိကြောင်း မူဒရစ်က ပြောကြားခဲ့ သလို စုံစမ်းစစ်ဆေးမှုတွေအပေါ် ပူးပေါင်းသွားမယ်လို့လည်း ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်ကတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဆေးစစ်ချက်အဖြေမှာ တားမြစ်ဆေးသုံးစွဲထားတယ်လို့ ထွက်ပေါ်လာ တာကြောင့်လည်း အံ့အားသင့်ခဲ့ရတယ်လို့ မူဒရစ်က ရေးသားထားပါသေးတယ်။ မူဒရစ်ဟာ ချယ်လ်ဆီးအသင်း အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလ(၂၈)ရက်က နောက်ဆုံးအကြိမ် ကစားပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းပွဲစဉ်တွေမှာ ပါဝင် နိုင်ခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။ မူဒရစ်အနေနဲ့ တားမြစ်ဆေးသုံးစွဲခဲ့တာ မှန်တယ်ဆိုရင် အများဆုံး(၄)နှစ်အထိ ပွဲပယ်ခံရနိုင်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။