စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဟာကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှုရခဲ့ပြီလို့ ဩဂုတ်လ(၅)ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ဂယ်လက်ဟာကို ရောင်းချဖို့အတွက် သဘောတူညီမှုရပြီးသားဖြစ်သလို အခုအချိန်မှာတော့ ကစားသမားနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
အက်သလက်တီကိုအသင်းဟာ ဂယ်လက်ဟာကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၃၃)သန်း ပေးချေသွားရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့အကယ်ဒမီထွက် ကစားသမား လည်းဖြစ်တဲ့ ဂယ်လက်ဟာကို စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက လက်မခံခဲ့တာကြောင့် အခုလို ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။
ဂယ်လက်ဟာ,ဟာ အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်ဖို့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ စပိန်နိုင်ငံကိုထွက်ခွာဖွယ်ရှိတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။