ဇူလိုင်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုးဒီဖရန့် ပြင်သစ်စက်ဘီးစီးပြိုင်ပွဲ အဆင့်-၁၅ မှာ ပြိုင်ပွဲကို ဦးဆောင် နေတဲ့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာ အနိုင်ရခဲ့ပါတယ်။
အဆင့်-၁၅ အဖြစ် ၁၉၈ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင် တွေ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစတင်ချိန်ကတည်းက ပိုဂါကာနဲ့ ဗင်ဂီဂတ်တို့ဟာ ပြိုင်ဘက်တွေကို နောက်မှာ ချန်ထားပြီး ဦးဆောင်ထားနိုင်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ ပိုဂါကာက ဗင်ဂီဂတ်ကို ကျော်တက်ပြီး ဦးဆောင်သူ နေရာကို ရယူနိုင်ခဲ့သလို ပွဲအပြီးမှာလည်း ထိပ်ဆုံးကနေ ပန်းဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုဂါကာက ၅ နာရီ ၁၃ မိနစ် ၅၅ စက္ကန့်နဲ့ ပထမရခဲ့တာဖြစ်ပြီး ဗင်ဂီဂတ်က ၁ မိနစ်၊ ၈ စက္ကန့်အကွာနဲ့ ဒုတိယရခဲ့သလို ဘယ်လ်ဂျီယံ နိုင်ငံသား ဗီနီပိုအယ်က ၂ မိနစ်၊ ၅၁ စက္ကန့်အကွာနဲ့ တတိယရခဲ့ပါတယ်။
အဆင့်-၁၅ ဆင့်အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာလည်း ပိုဂါကာက ၆၁ နာရီ ၅၆ မိနစ် ၂၄ စက္ကန့်နဲ့ ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာက ဗင်ဂီဂတ်ကို ၃ မိနစ်နဲ့ ၉ စက္ကန့်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ပြိုင်ပွဲဝင်တွေကို တစ်ရက်တာ အနားပေးထားပြီး ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ အဆင့်-၁၆ ကို ပြိုင်ပွဲဝင်တွေဆက်လက်ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။