စီးရီးအေကလပ် တိုရီနိုအသင်းဟာ စကော့တလန်တိုက်စစ်မှူး ချီ အဒမ်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၂၃ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် အဒမ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်ပြည့်ခဲ့တာပါ။
၂၀၁၉ ခုနှစ်ကတည်းက ဆောက်သမ်တန်အသင်းကို ရောက်ရှိနေခဲ့တဲ့ အဒမ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။
ဆောက်သမ်တန်နဲ့ ၅ နှစ်တာ ကာလအတွင်း ၁၉၁ ပွဲမှာ ၄၉ ဂိုးသွင်းယူပေးခဲ့တဲ့ အဒမ်ဟာ စကော့တလန်လက်ရွေးစင်အသင်းအတွက်လည်း ၃၃ ပွဲမှာ ၆ ဂိုးသွင်းယူ ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

တိုရီနိုအသင်းနဲ့ နောက်ထပ်စတင်ရမယ့် ခြေလှမ်းအတွက် စိတ်လှုပ် ရှားမိသလို နေရာသစ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း အကောင်းဆုံးပြင်ဆင်ထားတယ်လို့ အဒမ်က တိုရီနိုအသင်းဆီ ပြောင်းရွှေ့ပြီးနောက် ကြေညာချက်မှာ ရေးသားထားပါတယ်။
အဒမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း က တိုရီနိုအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီးနောက် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။