အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြဆောက်ဂိတ်က နောက်ထပ် အသင်းတစ်သင်းကို အလောတကြီး ကိုင်တွယ်သွားမှာမဟုတ်ပဲ နည်းပြလောကကနေ တစ်နှစ်ခန့် အနားယူသွား မယ်လို့ အောက်တိုဘာလ(၁၀)ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ယူရို(၂၀၂၄) ဗိုလ်လုပွဲစဉ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာတော့ လက်ရွေးစင်အသင်းနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။
အင်္ဂလန်အသင်းနဲ့ လမ်းခွဲပြီးနောက် အခုအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတယ်ဆိုပေမယ့် ဆုံးဖြတ်ချက်ကောင်းတွေကို ချနိုင်ဖို့အတွက် တစ်နှစ်ခန့် အနားယူသွားဦးမယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
နည်းပြလောကကနေ ခဏတာ အနားယူပြီးနောက် နည်းပြအဖြစ်တာဝန်ယူဖို့ စဉ်းစားမယ်ဆိုရင်လည်း လက်ရွေးစင်အသင်းထက် ကလပ်အသင်းတစ်သင်းကိုသာ ကိုင်တွယ်ဖို့ ရွေးချယ်သွားမယ်လို့ နည်းပြဆောက်ဂိတ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
အသင်းလက်မဲ့ ဖြစ်နေတဲ့ ဆောက်ဂိတ်ကို အခုဘောလုံးရာသီမှာ ရလဒ်ဆိုးရွားနေတဲ့ မန်ယူအသင်းက နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။