ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဘိုလော့နာအသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိထားတဲ့ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီးကို ဇူလိုင်လ(၁၄)ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းစွမ်းဆောင်ရည် ကျဆင်းခဲ့သလို တိုက်စစ်ပိုင်းအားနည်းခဲ့တာကြောင့် ဘိုလော့နာ တိုက်စစ်မှူး ဇက်ဇီးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဇက်ဇီးကိုခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းဟာ ဘိုလော့နာ အသင်းကို ယူရို(၄၂)သန်းခွဲပေးချေခဲ့ရပြီး အဲဒီပြောင်းရွှေ့ကြေးကို (၃)နှစ်အရစ်ကျ ပေးချေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဇက်ဇီးဟာ ဘိုလော့နာအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ(၃၇)ပွဲကစားခဲ့ရာမှာ (၁၂)ဂိုး သွင်းယူကာ (၆)ဂိုး ဖန်တီးပေးခဲ့ပါတယ်။
မန်ယူအသင်းဟာ အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ နယ်သာလန် လူငယ်တိုက်စစ်မှူး ဇက်ဇီးကို (၅)နှစ်စာချုပ် အပြင် ကြိုက်နှစ်သက်ရင် (၁)နှစ်သက်တမ်းတိုးခွင့်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။