ဆွီဒင်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို အခုနှစ်ပြိုင်ပွဲမှာ ဆီဒင်အဆင့်-၁ ရထားတဲ့ ရုရှားတင်းနစ်သမား ရူဘလက်ဗ်ဟာ ပထမအဆင့်မှာပဲရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ရူဘလက်ဗ်ဟာ ပထမအဆင့်ပွဲ အဖြစ် အာဂျင်တီးနားလူငယ်တင်းနစ်သမား တီရန်တီနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ဆီဒင်အဆင့်-၁ သတ်မှတ်ခံထားရ သလို ကမ္ဘာ့အဆင့်ရပ်တည်မှုလည်း ကွာဟခဲ့ပေမယ့် တီရန်တီရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရူဘလက်ဗ် ရုန်းကန်ခဲ့ရပါတယ်။
ပထမပွဲလတ်မှာ အကြိတ်အနယ်ကစားခဲ့ရပြီးနောက် ရူဘလက်ဗ် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယ ပွဲလတ်မှာ ရူဘလက်ဗ်အနိုင်ပြန်ရအောင် ကစားနိုင်ခဲ့ပါတယ်။

တတိယပွဲလတ်မှာတော့ ရူဘလက်ဗ်ရဲ့ ရိုက်ချက် တွေက မတိကျခဲ့သလို တီရန်တီရဲ့ လက်စွမ်းကလည်း ပုံမှန်လက်စွမ်းပြန်ရခဲ့လို့ တီရန်တီက ပြန်ပြီးအသာရလာခဲ့ပါတယ်။
ပွဲကစားချိန် ၂ နာရီနဲ့ ၂၄ မိနစ် ကြာမြင့်ခဲ့ပြီးနောက် တီရန်တီက ရူဘလက်ဗ်ကို (၇း၆၊၃း၆၊၆း၄)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ခွင့်ရသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ပထမအဆင့်က ထွက်ခဲ့ရသလို အခုပြိုင်ပွဲမှာလည်း ပထမအဆင့်ကနေပဲ ထွက်ခဲ့ရတာက ရူဘလက်ဗ်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။