ဆွီဒင်ရယ်လီပြိုင်ပွဲမှာ အနိုင်ရမှုနဲ့အတူ ဗြိတိန်ဒရိုင်ဗာ အီဗန်ဟာ ကမ္ဘာ့ရယ်လီ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါတယ်။ပြိုင်ပွဲအဖွင့်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အပြီးမှာပဲ ဦးဆောင်သူနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အီဗန်ဟာ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ အထိ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ ဦးဆောင်သူနေရာကို ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အီဗန်ရဲ့ တိုယိုတာအသင်းဖော် ဂျပန်ဒရိုင်ဗာ ကက်ဆူတာကလည်း စက္ကန့်အနည်းငယ်အကွာကနေ ဖိအားလိုက်ပေးခဲ့လို့ အီဗန်အနေနဲ့ နောက်ဆုံးအဆင့်တွေအထိ သတိထားပြီး ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ အီဗန်က ၃ ဒသမ ၈ စက္ကန့်အသာနဲ့အနိုင်ရခဲ့ပြီး ကက်ဆူတာကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပြိုင်ပွဲနောက်ဆုံးနေ့ မနက်ခင်းထဲက ပြိုင်ပွဲယှဉ်ပြိုင်ဖို့ကို စိတ်လှုပ်ရှားနေခဲ့ပြီး အနိုင်ရမှုနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ် လို့ ရာသီအဖွင့်ပွဲဖြစ်တဲ့ မွန်တီကာလိုပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အီဗန်က ပြောပါတယ်။ အခုနှစ် ကမ္ဘာ့ရယ်လီပြိုင်ပွဲရဲ့ ပွဲစဉ် ၂ ခုအပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာ အီဗန်က ၆၁ မှတ်နဲ့ ဦးဆောင်သူနေရာကို ရောက်လာခဲ့ပြီး ပြင်သစ်ဒရိုင်ဗာ အိုဂီယာက ၃၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်သွားခဲ့ ပါတယ်။