အမေရိကန် Youtuber MrBeast (မစ္စတာဘိစ်)ရဲ့ ဘောလုံးချဲလင့်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆုကြေး ဒေါ်လာ ၁ သန်းနဲ့ လွဲချော်သွားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒိုဟာ MrBeast ရဲ့ You Tube ချန်နယ် subscriber တစ်ဦ်းဖြစ်တဲ့ ခါလစ်ဆိုသူနဲ့ ပစ်မှတ်ကို ဘောလုံးထိအောင် ကန်ပြ ရတဲ့ ချဲလင့်ကို ပြုလုပ်ခဲ့ရတာပါ။

ရော်နယ်ဒိုက မစ္စတာ ဘိစ် နာမည်ရေးထိုးထားတဲ့ အယ်နာဆာအသင်း အိမ်ကွင်းအင်္ကျီကို ဝတ်ဆင်ခဲ့ပြီး ခါလစ် ကတော့ အယ်နာဆာအသင်း အဝေးကွင်းအင်္ကျီကို ဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။ ပစ်မှတ် ၃ ခုကို ဘောလုံး နဲ့ထိအောင် ကန်နိုင်တဲ့ ပထမဆုံးလူကို မစ္စတာဘိစ်က ဒေါ်လာ ၁ သန်း ပေးမယ်ဆိုပြီး ယှဉ်ပြိုင်ခဲ့ရာမှာ ရော်နယ်ဒိုက ပစ်မှတ်တွေကို ထိအောင်မကန်နိုင်ခဲ့ဘဲ ခါလစ်ကတော့ ကန်သွင်းမှု ၄ ကြိမ် မှာ ပစ်မှတ်ကို ၃ ကြိမ်ထိအောင် ကန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက ခါလစ်ရဲ့ ယုံကြည်မှုရှိရှိနဲ့ ကန်သွင်းမှုတွေအတွက် ချီးကျူးသွားခဲ့သလို ခါလစ်ကလည်း သူက ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်လို့ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ခါလစ်တို့ရဲ့ ဘောလုံးကန်သွင်းမှု ဗီဒီယိုဖိုင်ကို မစ္စတာဘိစ်ရဲ့ You Tube ချန်နယ်မှာ တင်ထားခဲ့ရာ လက်ရှိအချိန်အထိ ကြည့်ရှုသူ ၈၃ သန်း ကျော်ရှိသွားပြီ ဖြစ်ပါတယ်။