အသက် ၂၄ နှစ်အရွယ် ဘယ်လ်ဂျီယံကွင်းလယ်လူ လိုကွန်ဂါက အသင်းသစ် ဆီဗီလာမှာ ပုံမှန်ကစားခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းကနေ ဆီဗီလာအသင်းကို တစ်ရာသီအငှား စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ လိုကွန်ဂါဟာ ဆီဗီလာအသင်းမှာ အချိန်တိုအတွင်း အထိုင်ကျဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့က စပိန်နိုင်ငံကို ရောက်လာပြီးနောက် လိုကွန်ဂါက ဆီဗီလာအသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာပါ။
လိုကွန်ဂါဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ကလပ် လူတန်တောင်း အသင်းဆီကို အငှားသွားကစားခဲ့သလို ကွင်းလယ်ပိုင်းမှာ မာကျောတဲ့ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
တစ်ရာသီအငှား နဲ့ရောက်လာတယ်ဆိုပေမယ့် ဆီဗီလာအသင်းမှာ အချိန်အကြာကြီး ကစားပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း လိုကွန်ဂါက ပြောပါတယ်။
ဆီဗီလာအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ သဘောတူညီချက်ထဲမှာ လိုကွန်ဂါရဲ့ ခြေစွမ်းကို သဘောကျတယ်ဆိုရင် ရာသီအကုန်မှာ ပေါင် ၁၀ သန်းဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
၂၀၂၁ ဇူလိုင်မှာ အန်ဒါလက်ချ်အသင်းကနေ အာဆင်နယ် အသင်းကို ရောက်လာခဲ့ပြီးနောက် လိုကွန်ဂါဟာ အသင်းမှာ နေရာမရခဲ့ဘဲ ပဲလေ့စ်နဲ့ လူတန် အသင်းတွေဆီကို အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။