ဖော်မြူလာဝမ်းအသင်း ဝီလျံဟာ အခုနှစ် ဖော်မြူလာဝမ်း လက်ကျန်ပွဲတွေအတွက် အမေရိကန်ဒရိုင်ဗာ ဆာဂျန့်ရဲ့ နေရာမှာ အာဂျင်တီးနားနိုင်ငံသား ကိုလာပင်တိုနဲ့ အစားထိုးသွားမှာ ဖြစ်တယ်လို့ ဩဂုတ် ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကိုလာပင်တိုဟာ ဝီလျံအသင်းဒရိုင်ဗာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်ဂရင်းပရီ အကြိုစမ်းသပ်မောင်းနှင်မှုမှာ ဖော်မြူလာဝမ်း ပြိုင်ကားကို ပထမဆုံးအကြိမ် မောင်းနှင်ခဲ့တာပါ။
ဒါ့ကြောင့်လည်း ကိုလာပင်တိုဟာ ၂၃ နှစ်အတွင်း ဖော်မြူလာ ဝမ်း ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာဂျင်တီးနားဒရိုင်ဗာအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို ဝီလျံအသင်း အတွက်တော့ ရူတီမန်ပြီးနောက် အသင်းဒရိုင်ဗာအဖြစ် ယှဉ်ပြိုင်ခွင့်ရတဲ့ ဒုတိယမြောက် အာဂျင်တီးနားဒရိုင်ဗာ ဖြစ်လာတော့မှာပါ။
ကိုလာပင်တိုဟာ လာမယ့် အီတလီဂရင်းပရီပြိုင်ပွဲကနေ စတင်ပြီး အသင်းဒရိုင်ဗာအဖြစ် အယ်ဘွန်နဲ့အတူ တွဲဖက်ပြိုင်ပွဲဝင်သွားမှာဖြစ်ပြီး နံပါတ် ၄၃ ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဝီလျံအသင်းရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။