ဩဂုတ်လ(၁၄)ရက်နေ့က ကစားခဲ့တဲ့ အတ္တလန္တာအသင်းနဲ့ စူပါဖလားဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူးသစ် အမ်ဘာပေအပါအဝင် အသင်းရဲ့ အဓိကကစားသမားတွေကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့တာဖြစ်ပြီး အတ္တလန္တာအသင်းကို တစ်ပွဲလုံး အသာစီးနဲ့ ကစားသွားခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန်(၅၉)မိနစ်မှာ ဗီနီးစီးယက်စ်ဂျူနီယာရဲ့ ပေးပို့မှုကို ဗယ်ဗာဒီက အနီးကပ် သွင်းယူခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို တော့ ပွဲချိန်(၆၈)မိနစ်မှာ ဘယ်လင်ဟမ်ရဲ့ပေးပို့မှုကို အမ်ဘာပေက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး ကစားတဲ့ ပွဲစဉ်မှာတင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ အမ်ဘာပေဟာ သူ့ရဲ့ ကလပ် ကစားသမားဘဝမှာ ပထမဆုံးဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် (၆)ကြိမ်မြောက် စူပါဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။