စက်တင်ဘာ ၁၄ ရက် ညမှာထိုးသတ်မယ့် စိန်ခေါ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ မက္ကဆီကိုနိုင်ငံသား အယ်ဗာရက်ဇ်နဲ့ စိန်ခေါ်သူ ဘာလန်ဂါတို့က ပြောကြားလိုက်ပါကြတယ်။
လာ့စ်ဗီး ဂတ်စ်မြို့က တီမိုဘိုင်း အရီနာမှာ ထိုးသတ်မယ့်ပွဲအတွက် လက်ဝှေ့သမား နှစ်ယောက်စလုံးဟာ စက်တင်ဘာ ၁၀ ရက်က ရောက်ရှိလာခဲ့တာဖြစ်ပြီး မိတ်ဆက်ပွဲမှာ အခုလို ပြောသွားခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ် အမေရိကန် နိုင်ငံသား အတွက်တော့ အခုပွဲစဉ်က ကစားသမားဘဝ ပထမဆုံးအကြိမ် ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရတဲ့ပွဲဖြစ်ခဲ့ပြီး အယ်ကာရက်ဇ်ရဲ့ အားနည်းချက်တွေကို အကောင်းဆုံး လေ့လာထားတယ်လို့ ဆိုပါတယ်။ အယ်ကာရက်ဇ်ကို ၆ ချီ မြောက်မှာပဲ အလဲထိုးပြသွားမယ်လို့လည်း ဘာလန်ဂါက ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ် အယ်ဗာရက်ဇ်က တော့ ၂၀၂၀ ကတည်းက စူပါမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လာမယ့် စနေ ညပွဲ မတိုင်ခင်အထိ ချန်ပီယံဆုကာကွယ်ပွဲ ၇ ပွဲစလုံးကို အနိုင်ရထားခဲ့တာဖြစ်ပါတယ်။
လာမယ့် စနေညပွဲမှာ တော့ အယ်ကာရက်ဇ်ဟာ WBA,WBC နဲ့ WBO စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားသွား ရမှာ ဖြစ်ပါတယ်။
အသက် ၇ နှစ်ငယ်တဲ့ ဘာလန်ဂါနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် သူ့အတွက်တော့ ပြိုင်ဘက်တိုင်း က အတူတူပဲဖြစ်သလို ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ အယ်ဗာရက်ဇ်က ပြောသွားခဲ့ပါတယ်။