ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လီဝန်ဒေါစကီးက အခုဘောလုံးရာသီမှာ ဆုဖလားတွေကို ရယူနိုင်ဖို့အတွက် အသင်းသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား၊ ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ တိုက်စစ်မှူးလီဝန်ဒေါစကီး က အသင်းသားတွေကို သတိပေးခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အခုဘောလုံးရာသီအစ ရီးရဲလ်အသင်းနဲ့ကစား ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ (၄)ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို ရာသီအစမှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။ အသင်းတိုင်းကို အနိုင်ရအောင် ကစားနိုင်တယ်ဆိုရင်တောင်မှ ပွဲစဉ်တစ်ပွဲကို အနိုင်ရပြီဆိုပြီး ကြိုတင်ခန့်မှန်းထားလို့ မရဘူးလို့ လီဝန်ဒေါစကီးက ပြောပါတယ်။

အသင်းသားတွေအနေနဲ့လည်း ဒီရာသီမှာ အဓိကဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့အတွက်ဆိုရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့လိုအပ်တယ်လို့ လီဝန်ဒေါစကီးက ပြောပါတယ်။ လီဝန်ဒေါစကီးရဲ့ တိုက်တွန်းမှုနဲ့ပတ်သက်ပြီး One News ရဲ့အားကစားအယ်ဒီတာ ကိုဇင်ကိုကိုအောင်ရဲ့အမြင်ကို မေးမြန်းထားပါတယ်။ ဘာစီလိုနာအသင်းဟာ အခုတစ်ပတ် တနင်္ဂနွေနေ့ ညမှာ ရီးရဲလ်အသင်းနဲ့ စပိန်စူပါဖလား၊ ဗိုလ်လုပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။