ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုပြခဲ့တာက မန်စီးတီးအသင်းအပေါ်ယုံကြည်မှုကို ဟာလန်း သက်သေပြခဲ့တာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ နော်ဝေ တိုက်စစ်မှူး ဟာလန်းကို ၂၀၃၄ အထိ သက်တမ်းရှိတဲ့ ၉ နှစ်ခွဲစာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါ တယ်။မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းကမ်းချိုးဖောက်မှု ၁၁၅ ချက်နဲ့ စွဲချက်တင်ခံထားရပြီး စစ်ဆေးမှုခံနေရတာဖြစ်ပါတယ်။ တကယ်လို့ အပြစ်ရှိခဲ့မယ်ဆိုရင် အမှတ်လျှော့ ပြစ်ဒဏ်အပြင် တန်းဆင်းရတဲ့အထိ ရှိလာနိုင်တာပါ။ ဒီလိုကာလရှည်စာချုပ်မျိုး ချုပ်တယ် ဆိုတာ အသင်းကို ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာ ပြသလိုက်တာပါပဲလို့ ဂွါဒီယိုလာက ပြောသွားခဲ့တာဖြစ်ပါတယ်။
၂၀၂၂ မှာ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးအတွက် ၁၂၆ ပွဲမှာ ၁၁၁ ဂိုးအထိသွင်းယူပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ချဲလ်ဆီအသင်းနဲ့ ပယ်မာတို့ချုပ်ဆိုခဲ့တဲ့ ၉ နှစ်သက်တမ်းစာချုပ်ကို ကျော်ဖြတ်ပြီး ဟာလန်းရဲ့စာချုပ်သစ်က ပရီးမီးယားလိဂ်ရဲ့ သက်တမ်းအများဆုံး စာချုပ်ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ နောက်ထပ်နှစ်များစွာ ဖြတ်သန်းခွင့်ရတော့မှာဖြစ်လို့ ပျော်ရွှင်မိပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ဟာလန်းက ပြောသွားခဲ့ပါတယ်။