မန်စီးတီးအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ မားသီးယက်စ်နူးနက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက စပိန်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရမှုက ပြီးခဲ့တဲ့လကတည်းက ဖြစ်ခဲ့တာဖြစ်ပြီး နူးနက်ကလည်း မန်စီးတီးအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နေပြီဖြစ်ပေမယ့် အခုအချိန်မှ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
သတင်းတွေရဲ့ဖော်ပြချက်အရ စပိန်နိုင်ငံက အသက်(၅၈)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ နူးနက်ကို အသိမပေးဘဲ သူ့ရဲ့ဓာတ်ပုံကို ရိုက်ခဲ့တာကြောင့် နူးနက်က ဖုန်းကိုလုပြီး ယူထားခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို ဖုန်းလုခံခဲ့ရတဲ့အမျိုးသားက ရဲတပ်ဖွဲ့ကို တိုင်ကြားလိုက်တဲ့အတွက် စပိန်ရဲတပ်ဖွဲ့က နူးနက်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စပိန်ရဲတပ်ဖွဲ့ရဲ့အဆိုအရ နူးနက် ယူထားခဲ့တဲ့ ဖုန်းတန်ကြေးက ယူရို(၃၀၀) ကျော်လွန်နေတာကြောင့် ခိုးမှုအဖြစ် သတ်မှတ်လို့ရတဲ့အတွက် အခုလို ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
နူးနက်ဟာ စပိန်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပေမယ့်လည်း အခုအချိန်မှာ မန်စီးတီးအသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်နေခဲ့ပြီဖြစ်သလို ဒီသတင်းတွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားထားတာမျိုး မရှိသေးဘူးလို့လည်း သတင်းတွေက ဆက်လက်ဖော်ပြခဲ့ကြပါတယ်။