အခုရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဟောက်ဆန်ဟာ စပိန်လက်ရွေးစင်အသင်း ရဲ့ ခေါ်ယူတာကို ပထမဆုံးအကြိမ် ခံခဲ့ရပါတယ်။

ဒူးဒဏ်ရာရခဲ့တဲ့ ဘာစီလိုနာအသင်းနောက်ခံလူ မာတီနက်ဇ်ရဲ့ နေရာမှာ ဟောက်ဆန်ကို အစားထိုးခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဟောက်ဆန်ဟာ အခုရာသီ နည်းပြအိုင်ရာအိုလာရဲ့ ဘုန်းမောက်အသင်းမှာ အဓိကကျတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေတာပါ။

ဟောက်ဆန်ဟာ သက်တမ်းအလိုက် လူငယ်ကစားသမားဘဝမှာ နယ်သာလန်အသင်းကို ကိုယ်စားပြုကစားပေးခဲ့ ပေမယ့် ၂၀၂၄ မတ်လမှာတော့ စပိန် ယူ-၂၁ အသင်းအတွက် ပါဝင်ကစားပေးခဲ့ဖူးပြီး ၆ ပွဲ ကစားပေးထားပါတယ်။

အခုရာသီ ပရီးမီးယားလိဂ် အဆင့်-၁၀ မှာရပ်တည်နေသလို လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဘုန်းမောက်အသင်းမှာ ဟောက်ဆန်အနေနဲ့ ပရီးမီးယာလိဂ် ၂၃ ပွဲအထိပါဝင် ကစားပေးထားပြီး ၂ ဂိုး သွင်းယူ ထားနိုင်ခဲ့တာပါ။
ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖူအန်တီဟာ မာတီနက်ဇ်ရဲ့ နေရာမှာ ဟောက်ဆန်ကို အစားထိုးခေါ်ယူလိုက်သလို ဒဏ်ရာကြောင့် လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်သွားခဲ့တဲ့ ဘာစီလိုနာကွင်းလယ်လူ ကာဆာဒိုရဲ့နေရာမှာလည်း လေဗာကူဆင်ကွင်းလယ်ကစားသမား ဂါစီယာကို အစားထိုးခေါ်ယူလိုက်တယ်လို့ သိရပါတယ်။