စပိန်တိုးစက်ဘီးပြိုင်ပွဲမှာ ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားခဲ့တဲ့ စလိုဗေးနီးယားနိုင်ငံသား ရိုဂလစ်ဟာ ဩဂုတ်လ ၂၀ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ စပိန်တိုးပြိုင်ပွဲ အဆင့်-၄ မှာ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ အနိုင်ရသွားခဲ့ပါတယ်။
အဆင့်-၄ အဖြစ် ၁၇၀ ကီလိုမီတာကို ပြိုင်ပွဲဝင်တွေက ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုအဆင့်က တောင်တက် လမ်းအဆင့်ဖြစ်လို့ ခက်ခဲခဲ့ပါတယ်။
ဘိုရာဟန်ဂရိုဟီအသင်းသား ရိုဂလစ်ဟာ အခုနှစ်ပြိုင်ပွဲရဲ့ အဆင့်တစ်ခုမှာ အနိုင်မရရှိသေးတာကြောင့် သူအားသာတဲ့ တောင်တက်လမ်း အခုအဆင့်မှာ အနိုင်ရဖို့ကို အစွမ်းကုန် ကြိုးစားသွားခဲ့တာ တွေ့ရပါတယ်။
အဆင့် ၄ ပြီးဆုံးချိန်မှာတော့ ရိုဂလစ်က ၄ နာရီ ၂၆ မိနစ် ၄၉ စက္ကန့်နဲ့ ပထမ ရခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသား အက်ဗက်က ဒုတိယနဲ့ ပေါ်တူဂီနိုင်ငံသား အယ်မေးဒါးက တတိယ အသီးသီးရခဲ့ကြပါတယ်။
အဆင့်ပေါင်း ၂၁ ဆင့် ယှဉ်ပြိုင်ရမယ့် စပိန်တိုးပြိုင်ပွဲရဲ့ အဆင့် ၄ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာ ရိုဂလစ်ကပဲ ၁၄ နာရီ ၃၃ မိနစ် ၀၈ စက္ကန့်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အမ်းမရိတ်စ်အသင်းရဲ့ ပေါ်တူဂီနိုင်ငံ သား အယ်မေးဒါးက ၈ စက္ကန့်အကွာနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့မှာ ပြိုင်ပွဲဝင် တွေဟာ အဆင့်-၅ အဖြစ် ၁၇၇ ကီလိုမီတာကို ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။