စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဒီလာဖူအန်တီက စပိန်နိုင်ငံဟာ အခုလက်ရှိမှာ လူတွေပြောနေကြသလိုမျိုး လူမျိုးရေးခွဲခြားတဲ့ နိုင်ငံမဟုတ်ဘူးလို့ စက်တင်ဘာလ(၄)ရက်နေ့က ပြောခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး ဗင်နီးစီးယက်စ်က စပိန်နိုင်ငံဟာ လူမျိုးရေးခွဲခြားတဲ့နိုင်ငံဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြောကြားခဲ့တာကြောင့် နည်းပြဒီလာဖူအန်တီက အခုလိုမျိုး တုံ့ပြန်ပြောကြားခဲ့လာတာပါ။
ဗင်နီးစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးနေတဲ့အချိန်အတွင်း စပိန်ပရိသတ်တွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး လူမျိုးရေး ခွဲခြားမှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်မလို့ ဗင်နီးစီးယက်စ်က စပိန်ပရိသတ်တွေအနေနဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ထပ်မလုပ်ဖို့ လိုအပ်သလို (၂၀၃၀)ရောက်တဲ့အထိ အခုလိုမျိုး လုပ်နေဦးမယ်ဆိုရင် ကမ္ဘာ့ဖလား ကျင်းပမယ့်နေရာကို ပြောင်းသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
စပိန်နည်းပြ ဒီလာဖူအန်တီက စပိန်နိုင်ငံဟာ လူမျိုးရေးခွဲခြားတဲ့နိုင်ငံမဟုတ်သလို လူအချင်းချင်းလေးစားမှု အပြည့်ရှိတဲ့နိုင်ငံဖြစ်တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
စပိန်နိုင်ငံဟာ (၂၀၃၀)ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရမှာဖြစ်ပေမယ့်လည်း လူမျိုးရေးခွဲခြားတဲ့ပြဿနာတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။