စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အင်္ဂလန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ တူချယ်က လာရောက်ကြည့်ရှုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လာမယ့်ဇန်နဝါရီလ(၄)ရက်နေ့မှာ ကစားသွားကြမှာဖြစ်ပြီး အင်္ဂလန်နိုင်ငံသား ကစားသမားတွေရဲ့ ခြေစွမ်းကို ကြည့်ရှုဖို့အတွက် နည်းပြတူချယ်က စီစဉ်ထားတာပါ။

အသက်(၅၁)နှစ်အရွယ် နည်းပြတူချယ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်္ဂလန်အသင်းရဲ့ နည်းပြသစ်အဖြစ် သဘောတူညီမှုရခဲ့တာဖြစ်ပြီး ဇန်နဝါရီလ (၁)ရက်နေ့ ကစတင်ကာ အသင်းကို တာဝန်ယူကိုင်တွယ်သွားရမှာလည်း ဖြစ်ပါတယ်။ နည်းပြ တူချယ်ဟာ (၂၀၂၆) ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ဖို့အတွက် အရင်ဆုံးလုပ်ဆောင်သွားရမှာဖြစ်ပြီး အသင်းရဲ့ လူစာရင်းကို ရွေးချယ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့မှာ အင်္ဂလန်နိုင်ငံသား ကစားသမားတွေ ရှိကြတာကြောင့် ဒီကစားသမားတွေရဲ့ခြေစွမ်းကို ကြည့်ရှုဖို့အတွက် စပါးအသင်းရဲ့အိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်ကို လာရောက်ကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ နည်းပြသောမတ်တူချယ်ဟာ အင်္ဂလန်နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် လာမယ့်မတ်လ(၂၁)ရက်နေ့မှာ အယ်ဘေးနီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ကစားသွားရမှာ ဖြစ်ပါတယ်။