စင်စင်နာတီအိုးပင်း အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာက ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆာဘာလန်ကာနဲ့ အမေရိကန် တင်းနစ်မယ် ပီဂူလာတို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဆာဘာလန်ကာရဲ့ တိကျပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေက ပီဂူလာကို ရုန်းကန်စေခဲ့ပါတယ်။
စပေးဘောရိုက်ချက်တွေကနေ အမှတ်တွေရခဲ့တဲ့ ဆာဘာလန်ကာဟာ ပွဲကစားချိန် (၁)နာရီနဲ့(၁၅)မိနစ်သာကြာမြင့်ခဲ့ပြီးနောက်မှာ (၆း၃၊၇း၅)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကစာသမားဘဝ ၆ ခုမြောက် WTA တိုး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။
အခုချန်ပီယံဆုဟာ ဆာဘာလန်ကာအတွက် အခုနှစ်စပိုင်းမှာ ရယူနိုင်ခဲ့တဲ့ ဩစတြေးလျအိုးပင်းချန်ပီယံဆုနောက်ပိုင်း ပထမဆုံးရတဲ့ ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက တိုရွန်တိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဆုကို ဆက်ထိန်းခဲ့တဲ့ ပီဂူလာအတွက်ကတော့ ၂ လ အတွင်း နောက်ထပ်ချန်ပီယံဆုတစ်ခုကို ရယူနိုင်မယ့် အခွင့်အရေးဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
ပခုံးဒဏ်ရာ ကြောင့် ဝင်ဘယ်ဒန်ပြိုင်ပွဲကို လွဲချော်ခဲ့ရတဲ့ ဆာဘာလန်ကာကတော့ အခုပြိုင်ပွဲချန်ပီယံဆုနဲ့အတူ လာမယ့် ယူအက်စ်အိုးပင်းအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ ပြိုင်ဘက်တွေကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။