အမေရိကန်နိုင်ငံ စင်စင်နာတီမြို့မှာ ကျင်းပနေတဲ့ စင်စင်နာတီအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ လက်ရှိချန်ပီယံ ကိုကိုဂတ်ဖ်ဟာ ဒုတိယအဆင့်ကနေပဲ ထွက်လိုက်ရပါတယ်။
ဒုတိယအဆင့်ကနေ စတင် ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ ကိုကိုဂတ်ဖ်ဟာ ကာဇက်စတန်တင်းနစ်မယ် ပူတင်ဆီဗာနဲ့ ရင်ဆိုင်ခဲ့ရတာြဖစ်ပြီး သူတို့နှစ်ယောက်ရဲ့ အခုပွဲစဉ် မတိုင်ခင်က ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ၃ ပွဲစလုံးမှာ ကိုကိုဂတ်ဖ်က ၃ ပွဲစလုံးကို အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုကိုဂတ်ဖ်ဟာ ပွဲချိန်အတွင်း ပုံမှန်လက်စွမ်းရဖို့ကို ရုန်းကန်ခဲ့ရပြီး ပထမပွဲလတ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ဒုတိယပွဲလတ်မှာ ကိုကိုဂတ်ဖ် အနိုင်ပြန်ရအောင် ကစားနိုင်ခဲ့ ပေမယ့် တတိယပွဲလတ်မှာတော့ ပူတင်ဆီဗာရဲ့ လက်စွမ်းကို လိုက်မယှဉ်နိုင်တော့ပဲ အရှုံးပေးခဲ့ရပါတယ်။
ပွဲကစားချိန် ၂ နာရီနီးပါး ယှဉ်ပြိုင်အပြီးမှာ ပူတင်ဆီဗာက (၆း၄၊၂း၆၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယ အဆင့်ကို တက်ခွင့် ရသွားခဲ့ပါတယ်။
တတိယအဆင့်မှာ ပူတင်ဆီဗာဟာ စပိန်တင်းနစ်မယ် ဘာဒိုဆာနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး ဘာဒိုဆာက ဒုတိယအဆင့်ပွဲမှာ ကာလင်စ်ကာရာကို အနိုင်ယူပြီး တတိယအဆင့် ကို တက်လာခဲ့တာဖြစ်ပါတယ်။