တိုက်စစ်မှူး ဂျီးဆပ်စ်ရဲ့ ဒူအရွတ်ဒဏ်ရာဟာ ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်တယ်လို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ မန်ယူအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် ထမ်းစင်နဲ့ ကွင်းအပြင်ကို ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ဂျီးဆပ်စ်ရဲ့ ဒဏ်ရာကို သေချာစစ်ဆေးပြီးနောက် ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်တယ်လို့ အာဆင်နယ်အသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျီးဆပ်စ်ဟာ အခုရာသီအာဆင်နယ်အသင်းအတွက်ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဆာကာ၊ ဘန်ဝှိုက်၊ တိုမီယာဆု၊ နွာနီရီနဲ့ ကာလာဖီအိုရီတို့ ဒဏ်ရာရနေကြပြီး အခုတော့ ဒဏ်ရာရ စာရင်းမှာ ဂျီးဆပ်စ်လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဂျီးဆပ်စ်အနေနဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးရင် အမြန်ဆုံးပြန်ကစားနိုင်ဖို့အတွက် ကြိုးစားသွားမယ်ဆိုပေမဲ့ ဒီလိုဒဏ်ရာမျိုးက အချိန်တိုအတွင်း ပြန်လည်သက်သာလာနိုင်ဖို့ မလွယ်ဘူးဆိုတဲ့ မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အခုလအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေအပြင် ဖေဖော်ဝါရီ လဆန်းပိုင်းမှာလည်း လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။