လော့စ်အန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လာမယ့်ဖေဖော်ဝါရီလထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂျီနီဆစ်ဖိတ်ခေါ်ဂေါ့ဖ်ပြိုင်ပွဲကို နေရာပြောင်းလဲကျင်းပရဖွယ် ရှိတယ်လို့ ပီဂျီအေတိုးက ဇန်နဝါရီလ ၁၆ ရက် နေ့မှာ ကြေညာခဲ့ပါတယ်။

တိုက်ဂါးဝုဒ်ဖောင်ဒေးရှင်းက စီစဉ်ကျင်းပတဲ့ အခုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် ကနေ ၁၆ ရက်နေ့အထိ လော့စ်အန်ဂျလိစ်မှာရှိတဲ့ ရီဗီရာ ကန်းထရီး ဂေါ့ဖ်ကလပ်မှာ ကျင်းပဖို့ ရေးဆွဲထား ခဲ့တာဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ်သမိုင်းမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုအဖြစ် သတ်မှတ်ခံထားရတဲ့ အခုတောမီးဟာ ဧကပေါင်း ၂၃၀၀၀ ကျော် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဂျီနီဆစ်ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီဘက်က ပြောင်းရွှေ့ကျင်းပမယ့်နေရာသစ်ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေညာသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

၂၀၂၅ ပီဂျီအေတိုးရဲ့ အထင်ကရပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဂျီနီဆစ်ပြိုင်ပွဲမှာ အနိုင်ရရှိသူက ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၂၀ ရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေနဲ့ ပြိုင်ပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးက ဦးစားပေးဖြစ်လို့ အခုလိုမျိုး ပြိုင်ပွဲကျင်းပမယ့်နေရာကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။