ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂိုးသမား နူအာဟာ ဂျာမနီလက်ရွေးစင်ဘဝကနေ အနားယူတော့မယ်လို့ ဩဂုတ်လ(၂၁) ရက်နေ့မှာ ပရိသတ်တွေကို တရားဝင်ကြေညာသွားခဲ့ပါတယ်။
အသက်(၃၈)နှစ်အရွယ်ရှိနေပြီတဲ့ နူအာဟာ ဂျာမနီ လက်ရွေးစင်ဂိုးသမားအဖြစ် (၂၀၀၉)ခုနှစ်ကတည်းက စတင်ကစားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ အဓိကပြိုင်ပွဲကြီး (၈)ခုမှာ ကစားပေးခဲ့တဲ့ နူအာဟာ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ(၁၂၄)ပွဲအထိ ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
နူအာ အနေနဲ့ အခုလိုအနားယူဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စပိန်အသင်းနဲ့ကစားခဲ့တဲ့ ယူရို(၂၀၂၄) ကွာတားဖိုင်နယ်ပွဲစဉ်က သူ့ရဲ့ဂျာမနီကစားသမားဘဝ နောက်ဆုံးပွဲစဉ်လည်း ဖြစ်သွားခဲ့ရပါတယ်။
ယူရို(၂၀၂၄) ပြိုင်ပွဲအပြီးမှာ တိုနီခရူးစ်၊ ဂန်ဒိုဂန်တို့ကလည်း လက်ရွေးစင်ဘဝကနေ အနားယူခဲ့တာကြောင့် နူအာက ယူရိုပြိုင်ပွဲ ပြီးနောက် ဂျာမနီ လက်ရွေးစင်အဖြစ်ကနေ အနားယူခဲ့တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။