လီဗာပူးအသင်းနည်းပြဟောင်း ဂျာဂျန်ကလော့ပ်ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၁)ရက်နေ့က ပေးအပ်ချီးမြှင့်တာကို ခံခဲ့ရပါတယ်။
ဒီအခမ်းအနားကို ဂျာမနီသမ္မတကိုယ်တိုင် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းက နိုင်ငံရဲ့ပုံရိပ်ကိုတိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ အတွက် ဂျာဂျန်ကလော့ပ်က အခုလိုချီးမြှင့်ခံခဲ့ရတာပါ။
ဂျာဂျန်ကလော့ပ်ဟာ လီဗာပူးနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်း အသင်းကိုအောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာက ဂျာမနီလူမျိုးတွေ ရဲ့ပုံရိပ်ကို မြင့်တက်စေခဲ့တာကြောင့် ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်လို့ ဂျာမနီသမ္မတက ပြောပါတယ်။
ဂျာဂျန်ကလော့ပ်အနေနဲ့ အင်္ဂလန်မှာရှိနေတဲ့ အချိန်တွေအတွင်း အင်္ဂလန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ဆုချီးမြှင့်ပွဲမှာ ဂုဏ်ပြု ပြောကြားတာကို ခံခဲ့ရပါတယ်။
နည်းပြဂျာဂျန်ကလော့ပ်ဟာ လီဗာပူးအသင်းကို (၂၀၁၅)ခုနှစ်ကနေ (၂၀၂၄)ခုနှစ်၊ မေလအထိ တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား စုစုပေါင်း (၈)လုံးထိ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။