ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆလော့တီက အသင်းရဲ့တိုက်စစ်မှူး အမ်ဘာပေကို ဂိုးသွင်းယူဖို့အတွက် ဖိအားပေးတာမျိုး မလုပ်ခဲ့ဖူးကြောင်း ဘက်တစ်အသင်းနဲ့ ပွဲအပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
အမ်ဘာပေဟာ အခုဘောလုံးရာသီမှာ ရီးရဲလ်အသင်းကို ပြောင်းလာခဲ့တာဖြစ်ပေမယ့် လာလီဂါပွဲစဉ်(၃)ပွဲ ကစားပြီးချိန်ထိ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမဲ့ ဘက်တစ်အသင်းကို (၂)ဂိုးပြတ် အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်(၄)မှသာ ရီးရဲလ်အသင်းရဲ့ သွင်းဂိုး(၂)ဂိုးလုံးကို အမ်ဘာပေက သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂိုးသွင်းနိုင်ဖို့က အမ်ဘာပေအတွက် အရေးပါတယ်ဆိုပေမဲ့ ဖိအားပေးထားတာမျိုးတော့မရှိဘူးလို့ နည်းပြအန်ဆလော့တီက ပြောပါတယ်။
အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အမ်ဘာပေက အကောင်းဆုံးကစားနိုင်ခဲ့တာကြောင့် ကျေနပ်မိတယ်လို့လည်း ရီးရဲလ်နည်းပြ အန်ဆလော့တီက ဆက်လက်ပြောကြားခဲ့ပါတယ်။