ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်အသင်းဟာ ဘရာဇီးကလပ် ကိုရင်သီယန်အသင်းရဲ့ ဘရာဇီးဂိုးသမား ကားလို့စ်မီဂွယ်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် မီဂွယ်ဟာ အရပ် ၆ ပေ ၈ လက်မ အမြင့်ရှိပြီး ၂၀၂၁ မှာ ကိုရင်သီယန်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ဘရာဇီးပြင်ပကို ပထမဆုံးအကြိမ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအသစ် တွေအတွက် စိတ်လှုပ်ရှားမိပါတယ်လို့ မီဂွယ်က ပြောသွားခဲ့ပါတယ်။

မီဂွယ်ဟာ ကိုရင်သီယန်အသင်းဖော်ဟောင်း နောက်ခံလူ မူရီလိုနဲ့ နော်တင်ဟမ်အသင်းမှာ ပြန်လည်လက်တွဲကစားရမှာဖြစ်ပြီး နော်တင်ဟမ်အသင်းရဲ့ အကြောင်းတွေကို မူရီလိုဆီကနေ ကြားသိရပြီးနောက် ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းတွေအရတော့ နော်တင်ဟမ်အသင်းဟာ ဂိုးသမားမီဂွယ်အတွက် ကိုရင်သီယန်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၄ သန်း ပေးခဲ့ရတယ်လို့ သိရပြီး မီဂွယ်ဟာ အခုနွေရာသီ နော်တင်ဟမ်အသင်းရဲ့ တတိယမြောက် ခေါ်ယူမှု လည်း ဖြစ်ပါတယ်။