လီဗာပူးအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ပထမဆုံးခေါ်ယူမှုအဖြစ် ဗလန်စီယာဂိုးသမား မာမာဒက်ရှ် ဗီလီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
အရပ် ၆ ပေ ၆ လက်မရှိတဲ့ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီအတွက် ဗလန်စီယာအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ဆွေးနွေးနေတာဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်အထိ အပြီးသတ် သဘောတူညီမှုမရသေးပေမယ့် ဆွေးနွေး မှုတွေကို အဆင်ပြေပြေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်းတွေအရ မာမာဒက်ရှ်ဗီလီအနေနဲ့ လီဗာပူးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့မယ်ဆိုရင်တောင် ၂၀၂၄-၂၅ ဘောလုံးရာသီကုန်အထိ ဗလန်စီယာအသင်းမှာ အငှားနဲ့ ဆက်ကစားနေရမှာဖြစ်ပြီး ၂၀၂၅ ဇွန်လမှသာ အန်ဖီးလ်ကို ရောက်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းမှာ ဘရာဇီးဂိုးသမား အလီဆင်ဘက်ကာနဲ့ အိုင်ယာလန်ဂိုးသမား ကယ်လက်ဟာတို့ ရှိနေတာ ကြောင့် မာမာဒက်ရှ်ဗီလီကို အနာဂတ်အတွက် ရည်ရွယ်ပြီး ခေါ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လီဗာပူးအသင်း ဟာ နည်းပြသစ် စလော့လက်ထက်မှာ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး ဆိုစီဒက် ကွင်းလယ် လူ ဇူဘီမန်ဒီနဲ့ နယူးကာဆယ်တောင်ပံကစားသမား ဂေါ်ဒွန်တို့ကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။