အက်စ်တွန်ဗီလာအသင်းဟာ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်တယ် လို့ ဩဂုတ်လ ၂၁ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် မာတီနက်ဇ်ကို ၂၀၂၉ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်လို့ မာတီနက်ဇ်အနေနဲ့ ဗီလာအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ကစားဖွယ် ရှိနေတာပါ။
မာတီနက်ဇ်ဟာ ၂၀၂၀ မှာ အာဆင်နယ်အသင်းကနေ ဗီလာအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့ရာမှာ အရေးပါ တဲ့ ကစားသမားဖြစ်ခဲ့သလို ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ဗီလာအသင်းအတွက် ပရီးမီးယားလိဂ် ၃၄ ပွဲအထိ ကစားပေးခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
အခုနွေရာသီမှာလည်း မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဗီလာအသင်းမှာလည်း ပွဲထွက် ဂိုးသမားနေရာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ဗီလာအသင်းက မာတီနက်ဇ်ကို အခုလိုမျိုး ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။